Friday, March 29, 2013

လူဆိုးလေး

ရှေးတစ်ချိန်က
အရင်ဘဝ
ပြန်သတိရ
အလင်းရောင်ပျောက်
အမှောင်ထုအောက်
ခိုဝင်ရောက်လို့
ဦးတည်ရာပျောက်
ငါလမ်းလျောက်ခဲ့.......။

အလင်းမတွေ့
မချမ်းမြေ့လည်း
ထိုစဉ်ချိန်က
လူဆိုးဘဝ
ပျော်ပိုက်ခဲ့ရ.....။

မင်းနဲ့တွေ့မှ
အလင်းရောက်အောင်
ခိုဝင်ရောက်လို့
ကျင့်ဆိုးစွန့်ပစ်
ဘ၀သစ်ဖြင့်
အသစ်တဖန်
မွေးဖွါးပြန်လည်း
မင်းကမတန်
လျှစ်လျူပြန်တော့
မင်းကိုသိပ်ချစ်
ငါ့အပြစ်ကြောင့်
အရင်လိုငါ
လူဆိုးလေးပါ.........။

Thursday, March 28, 2013

မြစ်ကြီးဧရာဝတီ

မေခနှင့်မလိခ မောင်နှမတို့
အကြောင်းဆုံကာ ပေါင်းဆုံရာမှ
မြစ်ကြီးတစ်ခု အစပြုခဲ့.......
မြစ်ကြီးအမည် ဧရာဝတီ....

ငါတို့အတွက် အသက်ဆက်ဖို့
ငါတို့ဘ၀ သာယာလှဖို့
လက်ဆောင်ဘုရား မြစ်ကြီးဧရာ
တင်စားပါမူ စာဆိုမလွန်
သူ့ဝတ်ပြွန်ခဲ့....

အသက်သခင် ဧရာရှင်ကား
ငါတို့စားဖို့ သားငါးပေး၏
ငါတို့လယ်ခြောက် ဆည်ရေသောက်ဖို့
မနားမနေ ရေလည်းပေးသည်
ငါတို့ဘ၀ သာယာလှဖို့
ရေကျန်နုန်းတင် ကမ်းနဖူးတွင်
ကိုင်းကျွန်းစိုက်ပျိုး ၀င်ငွေတိုးခဲ့...

ယခုသော်ကား တမူခြားခဲ့
မြစ်ကြီးဧရာ တိမ်ကောဖို့ရာ
ကံကြမ္မာဖန် တရုတ်ကြံလျှင်
ငါတို့မခံ သက်သေခံမည်
ငါတို့အသက် စတေးထပ်လို့
ငါတို့အရိုး စည်းရိုးထိုးလို့
ကာသင့်ပါလျှင် ကာရပါမည်။


Friday, March 22, 2013

သစ္စာ

မေတ္တာပြည့်လျံ သစ္စာမှန်က
သေလွန်ဘ၀ ပြန်တွေ့ရလည်း
မပြောင်းမလဲ တူလက်တွဲမည်
ဖူးစာမှန်က ပြန်ဆုံရ၏။

Wednesday, March 20, 2013

ဆန္ဒ

အတူဓမ္မတာ လူတို့မှာလား
တစ်ခုဆန္ဒ  ရှိလေစွလျှင်
မကောင်းသမှု အစုစုတို့
ပြုလုပ်ဖို့ရန် စိတ်ရည်သန်လို့
အရှေ့အနောက် မတွေးထောက်ပဲ
ထိုထိုဆန္ဒ ရှိသမျှကို
မိုက်ရူးရဲဆန် ပြုရန်ကြံသည်။

အချို့မတူ လူတစ်ချို့မူ
ရင်မှာဆန္ဒ ဟုန်းဟုန်းကြွလည်း
ဆန္ဒကိုသိမ်း သိက္ခာထိန်းလို့
တစ်ပါးမသိ မြိုသိပ်ဘိသည်
ရင်မှာမချိ ခြားသူမသိ.......။

Saturday, March 16, 2013

အဖြူရောင်လက်များ

တစ်မိုးအောက်နေ ကမ္ဘာမြေမှာ
မသာယာလှ သူတို့ဘဝ
အဖေါ်မဲ့ရ ချို့တဲ့ခဲ့ကြ....။

ကျုပ်တို့နည်းတူ သူလည်းလူပဲ
သူ့ရဲ့အမှား မများခဲ့ရ
မွေးကင်းတည်းက ရုန်းကန်ခဲ့ရ
သူ့ရံအပြစ် မရှိလင့်လည်း
အတိတ်ကံမလှ ကြိတ်ခံရတော့
ပင်ပန်းဆင်းရဲ လူလည်းမွဲလို့
သေရုံတမျှ ခံစားခဲ့ရ..........

ကျုပ်တို့ဘ၀ သာယာလှလို့
ဆွေမျိုးညာတိ ပြည့်စုံဘိသည်
သူတို့ဘ၀ စာနာလှလို့
သနားချစ်ခင် ဖေးမကူလျှင်
သူတို့ဘ၀ သာယာလှလိမ့်
တစ်ယောက်သော်ကား မစွမ်းငြားလည်း
အများစုပေါင်း စုဆောင်းကြလို့
ကူညီဖေးမ လှူဒါန်းကြစို့.......။

Friday, March 8, 2013

တပ်မတော်သား မခံစားတတ်ရ

ဝေလီဝေလင်း နံနက်ခင်းတွင်
ယမ်းငွေ့ဝေေ၀ သည်တောင်ခြေမှာ
နှင်းငွေ့ဝေေ၀ မြူမှုန်တွေနဲ့
ချယ်ရီပန်းလှ ပွင့်လန်းခဲ့ကြ......

သာယာလှပ ထိုခဏ၌
အေးမြကြည်လင် စိတ်ပျော်ရွှင်လို့
စီးမျောခံစား အတွေးများစဉ်
ဆောင်းလေတစ်ချက် ဝေ့အတက်မှာ
ကျွန်တော့်အလစ် ရန်သူပစ်ခဲ့.......

ထိုကျည်တစ်တောင့် ရင်ကိုဖေါက်လို့
အသက်ကိုချွေ ဇီဝိန်ကြွေလို့
နာကျင်ရင်အောက် အသက်ပျောက်သည်
ငါကားစစ်သား ပြည်သူ့အားမို့
အလှအပ မခံစားရ.....။

တော်လှန်ရေးနေ့

မှတ်မှတ်ရရ ထိုစဉ်နေ့က
သူတို့ထကြွ တော်လှန်ခဲ့ကြ
အသက်စတေး လွပ်လပ်ရေးမို့
သားမယားပစ် အိုးအိမ်ပစ်လို့
စည်းစိမ်ကိုစွန့် အသက်ပါစွန့်လို့
ဒုတ်ဓါးသေနတ် ကိုယ်မှာကပ်လို့
မနှေးတိုက်ပွဲ ၀င်ဆင်နွှဲခဲ့....
မသေသော်ပြတ် လောင်းချင်းထပ်လည်း
သားစဉ်မြေးဆက် လွပ်လပ်ခဲ့ဖို့
အသက်စတေး ဘ၀ပေးကာ
သားစဉ်မြေးဆက် ကောင်းစားရစ်ဖို့
တော်လှန်တိုက်ခိုက် ခြေမှုန်းလိုက်သည်
အာဂယောင်္ကျား တပ်မတော်သား........

Friday, March 1, 2013

တပ်မတော်သား

တောထဲတောင်ထဲ
လျိုမြောင်ထဲဝယ်
ငါတို့ပစ်ခတ်
တိုက်ခိုက်ခဲ့ကြ......

သားမယားပစ်
အိုးအိမ်ပစ်လို့
တိုင်းပြည်ကာဖို့
ငါတို့စစ်ပွဲ
ဝင်ဆင်နွဲခဲ့...........

တိုင်းပြည်အန္တရာယ်
ကာကွယ်ဖို့ရေး
မျှော်ကာတွေးလို့
သေနတ်ကိုဆွဲ
စိတ်ရဲရဲဖြင့်
စစ်ထဲပြေးဝင်
စစ်တိုက်ချင်ခဲ့........

ငါကားစစ်သား
တပ်တော်သားမို့
ပြည်ထောင်စုဖွား
သွေးချင်းသားကု
သတ်ဖို့မကူး
တိုက်ဖို့မ၀ံ့
ငါလက်လက်တွန့်ခဲ့........

ပစ်ကြခတ်ကြ
စစ်တိုက်ကြလျှင်
မသေသူပြတ်
အကျအဆုံး
အတုံးရုံးနဲ့
အနိတ္ထာရုံဘဝ
မြင်နေရခဲ့..........

တစ်ဦးတစ်ယောက်
အာဏာမပျောက်ဖို့
ဘုရင်တစ်ပါး
ကောင်းစားဖို့ရေး...
ဘ၀မစတေး
အသက်မပေးဘူး...

ရန်စွယ်ကိုရှင်း
အန္တရာယ်ကိုခွင်းမယ့်
အာဂယောင်္ကျား
တပ်မတော်သား........
လာရောက်လည်ပတ်မှုကို ကိုသစ္စာမှ အထူးကျေးဇူးတင်ရှိပါသည်။